Sunday, September 30, 2012

လစ်ဗျားပြည်သူ့စစ်အဖွဲ့များကို ဖျက်သိမ်းသည့်ကိစ္စ မအောင်မြင်


ဘင်ဂါဇီမြို့တွင်း၌လှည့်လည်နေကြသော အန်ဆာအယ်လ် ရှာရီယာပြည်သူ့စစ်အဖွဲ့ဝင်များ။ ဓာတ်ပုံ - အေအက်ဖ်ပီ
ဘင်ဂါဇီ – ပြီးခဲ့သော ရက်သတ္တပတ် က ဘန်ဂါဇီမြို့မှ အစ္စလမ္မစ် ပြည်သူ့ စစ်အဖွဲ့တစ်ဖွဲ့ကို လူထုက အင်အားသုံး ဖယ်ရှားခဲ့ပြီးနောက် ယင်းကို အကြောင်း ပြု၍ လစ်ဗျားအာဏာပိုင် များက ပြည်သူ့ စစ်များ ကို စစ်အခြေစိုက်စခန်းများမှ ဖယ်ရှားပေးရန် အချိန်နှစ်ရက်ပေးထား ကြောင်း သိရသည်။



ဒေါသထွက်နေသော လူအုပ်ကြီးက ဘန်ဂါဇီမြို့တွင် ၎င်းတို့ကို မောင်း ထုတ် ခဲ့သည့် အဖြစ်အပျက်မျိုး နောက်တစ်ခါ မဖြစ်ရန် ရှောင်ကြဉ် သည့်အနေဖြင့် ၎င်းတို့အဖွဲ့အား ဖျက်သိမ်းခြင်းဖြစ် သည်ဟုကြေညာ ပြီး လစ်ဗျားနိုင်ငံ၏ အစ္စလမ္မစ် အမာခံနယ်မြေတစ်ခုဖြစ်သော ဒါနာ မြို့မှ ပြည်သူ့စစ်များက ၎င်းတို့၏ အမာခံနယ်မြေဖြစ်သော ဒါနာမှ စက်တင်ဘာလ ၂၃ ရက်နေ့ တွင် ဆုတ်ခွာသွားခဲ့သည်။

လူ ၁၁ ဦးထက်မနည်းသေဆုံး စေခဲ့သည့် ပြီးခဲ့သောရက်သတ္တပတ် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လုံခြုံရေးလစ်ဟာနေသော နေရာ တစ်ခုကို အစားထိုးခန့်ထားရန် နိုင်ငံ အကြီးအကဲအဖြစ် တာဝန်ယူထားသူ လည်းဖြစ်၊ လစ်ဗျားနိုင်ငံ၏ ပါလီမန် ဥက္ကဋ္ဌလည်း ဖြစ်သူ မိုဟာမက်မဂ္ဂရစ်ဖ် က ဘင်ဂါဇီမြို့ရှိ နိုင်ငံရေးသမားများ၊ လုံခြုံရေးအရာရှိများနှင့် တွေ့ဆုံခဲ့ သည်။

“တရားမ၀င်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ အားလုံး သူတို့ရဲ့စခန်းတွေကနေ ထွက်သွားဖို့နဲ့ သူတို့ရဲ့လက်နက်တွေ အားလုံးကို အမျိုးသား တပ်မတော်ထံ ကို အပ်နှံကြဖို့ စစ်တပ်အကြီးအကဲ ယူဆွတ်ဖ် အဲလ်-မန်ဂို့ရှ်နဲ့ မိုဟာမက် မဂ္ဂရစ်ဖ်တို့က အမိန့်ထုတ်ပြန်ထားပါ တယ်။ နောက်ပြီး သူတို့အခြေစိုက်ရာ စခန်းနေရာတွေနဲ့ လက်နက်တွေကို စစ်တပ်က လွှဲပြောင်းယူနိုင်ဖို့ စစ်ရဲ အဖွဲ့က ကော်မတီတစ်ရပ် ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်” ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သူ အဒဲလ်အော့တမန်း အဲလ်-ဘာရာစီက ပြောကြားကြောင်း ရိုက်တာသတင်းများအရ သိရှိရသည်။

(Photo/AFP)
သို့သော် ပြည်သူ့စစ်တပ်ဖွဲ့အချို့ကို ဖျက်သိမ်းမည့် ထိုဆုံးဖြတ်ချက်မှာ အန္တရာယ်များပြီး ရလဒ် ပြောင်းပြန်ထွက် ပေါ်လာနိုင်ကြောင်း ဝေဖန်သူများက သတိပေးပြောကြားထားသည်။ “မိုဟာမက် မဂ္ဂရစ်ဖ်က ပြည်သူ့စစ် တွေကို တရားဝင်အဖွဲ့နဲ့ တရားမ၀င် အဖွဲ့ဆိုပြီး ခွဲခြားနေပေမယ့် သူတို့ အားလုံးကတော့ သူတို့ဟာတရားဝင် အဖွဲ့တွေပါဆိုပြီး ပြောကြမှာပါပဲ” ဟု ဝေဖန်ဆန်းစစ်သူ ဖတီအလ်-ဘားဂျာက ပြောကြားခဲ့သည်။

“စစ်တပ်တစ်ခုတည်းမှာပဲ စစ်တပ် အဖွဲ့ခွဲတွေအများကြီးရှိနေတာ အရမ်းကို အန္တရာယ်များပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လိုအပ် နေတာကတော့ ပြည်သူ တစ်ဦးချင်းစီက ပူးပေါင်းပါဝင်လာတဲ့ အမျိုးသားတပ်မတော်တစ်ခုပဲ ဖြစ်ပါတယ်” ဟု နိုင်ငံရေးသိပ္ပံ ပါမောက္ခ တစ်ဦး ဖြစ်သူ ဘားဂျာကပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံ၏ ခေါင်းဆောင် ဟောင်း မိုမာကဒါဖီကို ဖမ်းဆီးရာ၌ ပါဝင်ခဲ့သူဖြစ်သော အသက် ၂၂ နှစ် အရွယ်ရှိ အွမ္မရန် ဘန်ရှာဘန် ဆိုသူသည် ၂၀၁၁ ခုနှစ် အရေးအခင်းတွင် ကဒါဖီ ကိုသစ္စာခံသူများ၏ နောက်ဆုံး ခံတပ် မြို့ဖြစ်သည့် ဘန်နီဝါလစ်မြို့တွင် ဇူလိုင် လက သေနတ်သမားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ၎င်းကထွက်ပြေးရန် ကြိုးစားစဉ် ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း ၎င်း၏ အစ်ကိုဖြစ်သူ ၀ါလစ်က အေအက်ဖ် ပီသို့ ပြောကြားခဲ့သည်။

၎င်းသေဆုံးမှု ကြောင့် ၂၀၁၁ ခုနှစ်ကတည်းက သဘောထား ဆန့်ကျင်ဘက်ဖြစ်ခဲ့သော မစ်ရာတာနှင့် ဘန်နီဝါလစ်မြို့နှစ်မြို့၏ ဆက်ဆံရေးမှာ ပို၍တင်းမာသော အခြေ အနေသို့ရောက်ခဲ့ရသည်။ (အေအက်ဖ်ပီ)
ဝင်းသော်တာ ဘာသာပြန်သည်။

No comments: