Wednesday, October 3, 2012

ချယ်လ်ဆီးနှင့် မန်ယူတို့ အနိုင် ရခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များ



Soccer Myanmar , 3October 2012  —-  ယမန်နေ့ ညက ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များတွင် လက်ရှိ ချန်ပီယံ ချယ်လ်ဆီးရော၊ အင်္ဂလန် ထိပ်တန်းကလပ် မန်ချက်စတာ ယူနိုက်တက်တို့ပါ နိုင်ပွဲ ဆက်ခဲ့သည်။
နော့စ်ဂျေးလန်း ၀ – ၄ ချယ်လ်ဆီး
ချယ်လ်ဆီးအသင်းသည် ဒိန်းမတ် ကလပ်အသင်း နော့စ်ဂျေးလန်း၏ အိမ်ကွင်းတွင် (၄)ဂိုးပြတ် အနိုင်ရရှိကာ ချန်ပီယံလိဂ် အဖွင့်နိုင်ပွဲကို ရရှိသွားပြီ ဖြစ်သည်။ နော့စ်ဂျေးလန်းတွင် မစ်ကယ် ဘက်မန်း၊ ကက်စပါ လိုရန်ဇန်၊ ဂျိုရှူအာဂျွန်၊ ဂျိုရက်စ် အိုကိုရီ၊ ပက်ထရစ် မစ်တီလ်ဂါ အစရှိသည့် ကစားသမားများ ပါဝင် ကစားခဲ့ကြသည်။ ချယ်လ်ဆီးတွင်မူ ဖာနန်ဒို တောရက်စ်၊ ဟွမ်မာတာ၊ အော်စကာ၊ ဖရန့်ခ်လမ်းပတ်၊ ရာမီရက်စ်၊ ဒေးဗစ်လုဇ်၊ ဘလာနီဆလက်ဗ် အိုင်ဗန်နိုဗစ် အစရှိသည့် ကစားသမားများနှင့် ပွဲထွက်လာခဲ့သည်။
ပွဲချိန် (၃၃)မိနစ်တွင် နော့စ်ဂျေးလန်း ကစားသမား၏ ဆုံးဖြတ်ချက် မပြတ်သားမှုမှတစ်ဆင့် ဘောလုံးပျက်ပြီး ချယ်လ်ဆီးက အုပ်စုဖွဲ့ ထိုးဖောက်ကာ မာတာက ဂိုးသမား၏ ခြေထောက်ကြားမှ အနီးကပ် ကန်သွင်းပြီး ပွဲကို ဦးဆောင်သည်။ ထို့နောက်ပိုင်းတွင် အိမ်ရှင်အသင်းက အဝေးကန်ချက်များဖြင့် ခြိမ်းခြောက်ရန် ကြိုးစားခဲ့သော်လည်း တစ်လုံး တိုင်ထိထွက်ခဲ့သလို ဂိုးသမား ပီတာဆက်ခ်ျ လက်စွမ်းပြ ကာကွယ်မှုများကြောင့် အရာမထင်ခဲ့ချေ။ ချယ်လ်ဆီးမှ တောရက်စ်၏ ထိုးဖောက်မှု အချို့လည်း ဂိုးမရခဲ့ဘဲ ပထမပိုင်းတွင် (၁-၀)ဖြင့် ပွဲသိမ်းခဲ့သည်။
ဒုတိယပိုင်းတွင် ချယ်လ်ဆီးသည် တန်ပြန်တိုက်စစ်ကို အဓိက အသုံးပြုကာ မြန်နှုန်းမြှင့်တင်ပြီး နော့စ်ဂျေးလန်းကို ထိုးဖောက်ခဲ့သည်။ ထို့ကြောင့် ဒုတိယပိုင်းတွင် နောက်ထပ် (၃)ဂိုးဆက် သွင်းယူသွားနိုင်ခဲ့သည်။ (၇၉)မိနစ်တွင် နောက်ခံလူ လုဇ်၏ ပြစ်ဒဏ်ဘောကို လှလှပပ တိုက်ရိုက်ကန်သွင်းကာ ဒုတိယဂိုး ရရှိသည်။ ထို့နောက် စိတ်ဓာတ်ကျသွားသည့် နော့စ်ဂျေးလန်း အသင်း၏ ခံစစ်ကြောင်းကို ချယ်လ်ဆီးက ပိုမိုထိုးဖောက်လာကာ (၈၂)မိနစ်တွင် မာတာက တတိယဂိုးကို အနီးကပ် ကန်သွင်းခဲ့ပြန်သည်။ ချယ်လ်ဆီးအတွက် အပိတ်ဂိုးမှာ ပွဲပြီးခါနီးတွင် ဘယ်ခြမ်းမှ အော်စကာ ချိုးပေးလိုက်သည်ကို လူမရှိသည့် ဂိုးပေါက်ထဲ ရာမီရက်စ်က ပိတ်သွင်းသွားခြင်း ဖြစ်သည်။
ကလုဂ်ျ ၁ – ၂ မန်ချက်စတာ ယူနိုက်တက်
ယခုရာသီ ပွဲတိုင်းလိုလို ဦးဆောင်ဂိုး ပေးနေရသည့် အစဉ်အလာဆိုးကို မချေဖျက်နိုင်သော်လည်း အဝေးကွင်းတွင် (၃)မှတ်အပြည့်ရအောင် မန်ယူအသင်း စွမ်းဆောင်နိုင်ခဲ့သည်။ အိမ်ရှင် ကလုဂ်ျတွင် ရာဖာရဲလ် ဘက်စ်တော့စ်၊ ပန်တဲလစ် ကာပီတန်နော့စ်၊ မိုဒိုဆူဂူ၊ ဂါဘရီ မူရီဆန်၊ ရီကာဒို ကာတို၊ အိုင်ဗိုပင်တို အစရှိသည့် ကစားသမားများ ပါဝင်လာခဲ့သည်။ မန်ယူတွင်မူ ရော်ဘင်ဗန်ပါစီ၊ ဟာဗီးယား ဟာနန်ဒက်ဇ်၊ ဝိန်းရွန်နီ၊ တွမ်ကလီဗာလေ၊ ဒါရင်ဖလက်ချာ၊ အန်ဒါဆန်၊ ဂျွန်နီအီဗန်စ်၊ ရီယိုဖာဒီနန် အစရှိသည့် ကစားသမားများဖြင့် တောင်ပံအစား ကွင်းလယ်ကို အားပြု ခင်းကျင်းလာသည်။

ပွဲချိန် (၁၃)မိနစ်တွင်ပင် အိမ်ရှင်အသင်း ဂိုးစတင် ရရှိသည်။ ဘက်စ်တော့စ် ထုတ်ပေးလိုက်သော ဘောလုံးကို ညာခြမ်းအတိုင်း ဆွဲပြေးပြီး ဆူဂူက ဖြတ်ပို့ရာ ကာပီတန်နော့စ်က အမှားအယွင်းမရှိ သွင်းယူသွားခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင် မန်ယူအသင်း ထိုးဖောက်ဂိုးသွင်းမှုများ ပြုလုပ်လာသော်လည်း ဗန်ပါစီ ဦးဆောင်သော တိုက်စစ်ကို ကလုဂ်ျက တားဆီးနိုင်ခဲ့သည်။ သို့သော် မိနစ်(၃၀)တွင် မန်ယူတို့ ချေပဂိုး ပြန်ရသည်။ ရွန်နီ ခုတ်တင်ပေးလိုက်သော ပြစ်ဒဏ်ဘောကို ဗန်ပါစီ ခေါင်းတိုက်ရန် ကြိုးစားရာ ပခုံးနှင့်ထိပြီး ရှေ့ထွက်နေသည့် ဂိုးသမား မာရီယို ဖယ်လ်ဂွီရက်စ်ကို ကျော်ပြီး ဂိုးဝင်သွားခြင်း ဖြစ်သည်။ ဒုတိယပိုင်း ပြန်စပြီး (၄)မိနစ်တွင် ရွန်နီညာခြမ်းမှ ကန်တင်ပေးသော ဘောလုံးကို ဗန်ပါစီက အသာအယာ တို့ကန်ကာ ဂိုးတိုင်ထောင့်ကျဉ်းထဲ သွင်းယူပြီး မန်ယူတို့ ပွဲကို တစ်ကျော့ပြန် ဦးဆောင်ခွင့် ရရှိခဲ့သည်။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွင် ဘက်စ်တော့စ်၏ ခေါင်းတိုက်ချက်ကို မန်ယူဂိုးသမား ဒေးဗစ် ဒီဂီယာ လက်စွမ်းပြ ပုတ်ထုတ်သွားသဖြင့် မန်ယူတို့ နှစ်ပွဲကစားပြီး ရာနှုန်းပြည့် အနိုင်ရလဒ်ကို ဆက်လက် ပိုင်ဆိုင်ခဲ့သည်။

ဘင်ဖီကာ ၀ – ၂ ဘာစီလိုနာ

အသင်းခေါင်းဆောင် ကားလက်စ်ပူယိုးလ် ဒဏ်ရာ ရရှိသွားခြင်းက ယခုပွဲတွင် ဘာစီလိုနာ အနိုင်ရပြီး အရှုံးပေါ်သွားစေသည့် အခြေအနေမျိုးထံ ဦးတည်သွားခဲ့သည်။ ဘင်ဖီကာတွင် ဘရူနိုဆီဇာ၊ လီမာ၊ နီကိုလက်စ် ဂိုင်တန်၊ အီဒွာဒို ဆယ်လ်ဗီယို၊ နီမန်ဂျာမာတစ်၊ ဂျာဒယ်လ်၊ အက်ဇ်ကွီရယ်လ် ဂါရေး အစရှိသည့် ကစားသမားများ ပါဝင် ကစားခဲ့သည်။ ဘာစီလိုနာတွင် လီယွန်နယ်လ် မက်ဆီ၊ အလက်ဆစ် ဆန်းချက်ဇ်၊ ပက်ဒရို ဟာနန်ဒက်ဇ်၊ ဆက်စ် ဖာဘရီဂက်စ်၊ ဆာဂျီယို ဘုရှ်ကွက်စ်၊ ဒန်နီအဲလ်ဗက်စ်တို့ ပါဝင်လာသည်။

ပွဲအစ (၆)မိနစ်ကတည်းက ဘာစီလိုနာတို့ ဦးဆောင်ဂိုး သွင်းယူသည်။ မက်ဆီ ဖန်တီးပေးမှုမှတစ်ဆင့် ချီလီသား ဆန်းချက်ဇ်က ဂိုးသွင်းပေးခဲ့ခြင်း ဖြစ်သည်။ မက်ဆီ ထိုးဖောက် ဆွဲယူလာပြီး ခင်းပေးလိုက်သော ဘောလုံးကို ဆန်းချက်ဇ်က အမှားအယွင်းမရှိ အနီးကပ် ပိတ်သွင်းနိုင်ခဲ့သည်။ (၅၆)မိနစ်တွင် ဘာစီလိုနာ၏ မြန်နှုန်းမြှင့် တိုက်စစ်ကစားဟန်မှတစ်ဆင့် မက်ဆီ ထုတ်ပေးလိုက်သည့် ဘောလုံးကို ဖာဘရီဂက်စ်က ဆွဲယူကန်သွင်းပြီး ဘာစီလိုနာတို့ ဒုတိယဂိုး ရရှိသည်။ (၇၈)မိနစ်တွင် ပြိုင်ဘက် ကစားသမားနှင့် ယှဉ်ခုန်ကာ ဘောလုံးကို ခေါင်းတိုက်ရန် ကြိုးစားရင်း အကျမတော်သဖြင့် ပူယိုးလ်၏ ဘယ်ဖက်တံတောင်ဆစ် ပြင်းထန်စွာ ထိခိုက် သွားခဲ့ရသည်။ ပွဲချိန် (၈၈)မိနစ်တွင်မူ ဘင်ဖီကာ ကစားသမား မက်ဇီပီရဲရာကို အဖျက်ကြမ်းသဖြင့် ဘုရှ်ကွက်စ် အနီကတ် ထိခဲ့ပြီး ဘာစီလိုနာတို့ (၁၀)ယောက်ကျန်ဖြင့် ထိန်းကစားကာ အနိုင် ရရှိသွားသည်။
အခြားပွဲရလဒ်များ
ဂျူဗင်းတပ်စ် ၁ – ၁ ရှက်တာဒိုးနက်ခ်
BATEဘိုရီဆော့ဗ် ၃ – ၁ ဘိုင်ယန်မြူးနစ်
ဗလန်စီယာ ၂ – ၀ လိုင်လီ
စပါးတပ်မော်စကို ၂ – ၃ ဆဲလ်တစ်
ဂါလာတာဆာရေး ၀ – ၂ ဘရာဂါ
Written by Admin Team

No comments: