နယူးဇီလန်
 ကာကွယ်ရေး ဝန်ကြီး Jonathan Coleman သည် လာမည့်နှစ် ဧပြီလတွင် နယူးဇီလန် 
တပ်ဖွဲ့များ ရုပ်သိမ်းရေး ကိစ္စ ဆွေးနွေးရန် အတွက် ပြီးခဲ့သည့် 
ရက်ပိုင်းအတွင်းက အာဖဂန်သို့ သွားရောက် ခဲ့ကြောင်း ထုတ်ဖော် ပြောကြား 
ခဲ့ပါသည်။ နယူး ဇီလန် ပြန်လည် တည်ဆောက်ရေး အဖွဲ့(PRT)နှင့် Bamyan 
ပြည်နယ်သို့ သွားရောက် လည်ပတ်ခဲ့သော ကာကွယ်ရေး ဝန်ကြီး Coleman  သည်
 Bamyan နှင့် Kabul မှ အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ 
ယခုကဲ့သို့ လည်ပတ် ခြင်းသည် ပြည်နယ်၏ လုံခြုံရေးကို အထောက်အကူ ပေးနေသည့် 
အရေးကြီး အလုပ်တစ်ခု အတွက် PRT ကိုအကူအညီပေးသည့် အခွင့်အလမ်း 
တစ်ခုဖြစ်ကြောင်း ၎င်းက ဆိုပါသည်။ နယူးဇီလန် တပ်ဖွဲ့များ ရုပ်သိမ်း 
နိုင်ရေးနှင့် စပ်လျဉ်း၍ ယခုအချိန်မှ စတင်ပြီး ဧပြီလ အတွင်း ဆောင်ရွက် 
ဖွယ်ရာများကို အပြီးဆောင်ရွက်ရန် Bamyan ပြည်နယ် အာဏာပိုင်များ၊ ဒေသဆိုင်ရာ
 လုံခြုံရေး အကြီးအကဲ များနှင့် ဆွေးနွေးနိုင် ခဲ့ကြောင်း ၎င်းက ဆိုပါသည်။ 
နယူးဇီလန် တပ်ဖွဲ့များ ရှိနေသော ဆယ်စုနှစ်တွင် ထိုဒေသရှိ ပြည်သူ များ၏ 
လူနေမှု ဘဝများကိုများစွာ ပြောင်းလဲ စေခဲ့ကြောင်း ဆက်လက် ပြောကြားပါသည်။ 
Coleman သည် ယင်းပြည်နယ်ရှိ နယူးဇီလန် က ဆောင် ရွက်နေသော ဆိုလာ 
စွမ်းအင်စီမံကိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးနှင့် ပညာရေး 
ဆိုင်ရာ စီမံကိန်းများကို သွားရောက် လည်ပတ် ခဲ့ပါသည်။
နယူးဇီလန် ကာကွယ်ရေး ဝန်ကြီးသည် ကဘူးမြို့သို့ တစ်ရက်ကြာ ရောက်ရှိစဉ် အတွင်း အာဖဂန်၏  ကာကွယ်ရေး
 ဝန်ကြီးသစ် Bismillah Khan Mohammad နှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတကာ 
လုံခြုံရေး အထောက်အကူ ပြုအဖွဲ့ (ISAF) တပ်မှူးကြီးများ နှင့် လည်း တွေ့ ဆုံ
 ဆွေးနွေး ခဲ့ပါသည်။ အာဖဂန်တွင် တာဝန်ထမ်းဆောင် သည်မှာ လာမည့်နှစ် 
ဧပြီလတွင် ဆယ်နှစ် ပြည့်မြောက် တော့မည့် မိမိ၏ တပ်ဖွဲ့ အများစုကို 
ပြန်လည်ရုပ်သိမ်း တော့မည် ဖြစ်ကြောင်း နယူးဇီလန် အစိုးရက ပြီးခဲ့သည့် 
လအတွင်း အတည်ပြု ပြောကြား ခဲ့သည်။ အောက်တိုဘာ လဆန်းမှစပြီး ဒေသဆိုင်ရာ 
လုံခြုံရေး တပ်ဖွဲ့များ လွှဲပြောင်း တာဝန် ထမ်းဆောင် တော့မည့် နယူးဇီလန် 
တပ်ဖွဲ့များ ရုပ်သိမ်းမှုကို ISAF က ကြေညာခဲ့ပြီး အခြားသော တာဝန် ထမ်းဆောင် 
ဘက်များ အပေါ်တွင်လည်း ကောင်းမွန်သည့် အချက်ပြမှု တစ်ရပ်ဖြစ်ကြောင်း အစိုးရက 
ဆိုပါသည်။ နယူးဇီလန် ကာကွယ်ရေး တပ်ဖွဲ့သစ်မှ နည်းပြ အနည်းငယ်ကို အာဖဂန် 
အမျိုးသား ကြည်းတပ် သင်တန်းကျောင်းတွင် ခန့်အပ် ပေးသွားမည်ဖြစ်ပြီး 
ISAFဌာနချုပ် တွင် ၂ဝ၁၃ ခုနှစ်နောက်ပိုင်း ဆက်လက် ထားရှိသွား မည် 
ဖြစ်ပါသည်။ ယခင်ကမူ နယူးဇီလန် အစိုးရသည် ယင်း၏ တပ်ဖွဲ့များ ရုပ်သိမ်းမှုကို 
၂ဝ၁၄ ခုနှစ်တွင်ရုပ်သိမ်း သွားမည်ဟု ကြေညာ ပြီး နောက်ပိုင်းတွင် 
လာမည့်နှစ်သို့ ပြောင်းသွားကာ ဧပြီလကို အတည်ပြု ခဲ့သည်။

No comments:
Post a Comment