
Friday, October 5, 2012
တရားမဝင် သယ်ဆောင်လာသည့် အဆိပ်ပြင်းသော အမွေးထူ ပင့်ကူ အကောင် ၂ဝဝ ကို နယ်သာလန် လေဆိပ်တွင် သိမ်းဆည်းရမိ
နယ်သာလန်
နိုင်ငံ အမ်စတာဒမ် လေဆိပ်တွင် အဆိပ်ပြင်းသော အမွေးထူ ပင့်ကူ အကောင် ၂ဝဝ
ကို လေဆိပ် အာဏာပိုင် များက ဂျာမနီနိုင်ငံသား စုံတွဲတစ်တွဲ၏
ခရီးဆောင်သေတ္တာအတွင်းမှ သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။ ၎င်းစုံတွဲသည် ပီရူး
နိုင်ငံမှ ပြန်လာခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ ခရီးဆောင် အိတ်အတွင်း အမွေးထ
ူပင့်ကူ ၂ဝဝ ကို နှံကောင်များ၊ ပိုးနားသန်များ၊ ပိုးတောင်မာ များနှင့်အတူ
အဝတ်အစားများ အကြားတွင် ဝှက်၍ သယ်ဆောင်လာ ခြင်းဖြစ်ကြောင်း Die Welt သတင်းစာ က အောက်တိုဘာ ၄ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
အန္တရာယ်ရှိသော
အဆိုပါ တွားသွား သတ္တဝါများအား ဖမ်းဆီးရမိ ခဲ့ကြောင်း လေဆိပ်
အာဏာပိုင်များက အတည်ပြုခဲ့ပြီး ၎င်း တို့တွင် ရောဂါပိုးများ ပါဝင်မှုရှိ၊
မရှိကို စစ်ဆေးသွားမည်ဟု သိရသည်။ ယခုကဲ့သို့ အန္တရာယ်ရှိသည့် တိရစ္ဆာန်များ
တရားမဝင် သယ်ဆောင်မှုကို ယခင်က တစ်ကြိမ်မျှ မကြုံဖူးကြောင်း အမ်စတာဒမ်၏
အကောက်ခွန် ဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြား ခဲ့သည်ဟု သိရ သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာမြေပြိုမှုဖြစ်ပွား။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ အောက်တိုဘာလ ၄-ရက်နေ့က
မိုးကြီးပြီးတောင်ပြိုမြေပြို ဖြစ်တာကြောင့် ပိတ်မိသေဆုံးခဲ့တဲ့ ကလေး
၁၈-ဥိးရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာလ ၅-ရက် မနက်စောစောမှာ
ကယ်ဆယ်ရေးအဖွဲ့တွေက ခက်ခက်ခဲခဲ ရှာဖွေတူးယူခဲ့ပါတယ်။ ဒါပေမဲ့
ရွာသားတစ်ဥိးကတော့ အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် Longhaixiang မြို့နယ်ရှိ Zhenhe ကျေးရွာလေးမှာ အောက်တိုဘာလ ၄-ရက် ဒေသစံတော်ချိန် မနက် ၈-နာရီလောက်က တောင်ပြိုမှုဖြစ်ပြီး ကျောင်းတက်နေတဲ့ ကလေး ၁၈-ဥိးနဲ့ လူကြီး ၁-ဦး စုစုပေါင်း ၁၉-ဦး ပိတ်မိနေခဲ့ပါတယ်။ "ကျောင်းသားအတော်များများ အခုတူးနေတဲ့ နေရာမှာဘဲ ပိတ်မိခဲ့တာပါ။ ကလေး ၃-ယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ကျောင်းဂိတ်ဝနားမှာ ရှာတွေ့ခဲ့ပါတယ်၊ အခင်းဖြစ်ဖြစ်ချင်း ကလေးတွေက ဂိတ်ပေါက်နားကို ပြေးလာခဲ့ပေမဲ့ သူတို့ မလွတ်မြောက်နိုင်ခဲ့ပါဘူး "လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ မိးသတ်ဌာန အကြီးအကဲက ပြောသွားတာပါ။ မြေပြိုမှုကြောင့် အရေးပေါ်နေရာပြောင်းရွှေ့ထားတဲ့ အမျိုးသမီးတစ်ဥိးက တော့ "သူတို့က ကျမကို ချက်ချင်းနေရာပြောင်းဖို့ ပြောတယ်။ကျမက ပစ္စည်းလေးတွေ ယူအုံးမယ်ဆိုတော့ လူ့အသက်က ပိုအရေးကြိးတယ်လို့ ပြောပြီး ကျမကို ဒီနေရာကို ပို့ပေးခဲ့တာပါ "လို့ ပြောပြသွားပါတယ်။ အဲဒီရွာလေးမှာ အောက်တိုဘာလ ၄-ရက် မနက် ၈-နာရီလောက်မှာ မြေပြိုမှုဖြစ်ခဲ့ပေမဲ့ လမ်းပန်း ဆက်သွယ်ရေးခက်ခဲလွန်းတာကြောင့် မီးသတ်၊ စစ်တပ်နဲ့ ဆေးတပ်သားတွေပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့ တွေဟာ ညနေ ၆-နာရီလောက်မှ အခင်းဖြစ်ရာကို ရောက်လာခဲ့ပါတယ်။
ကျောင်းသူ တစ်ဦး၏ အစာအိမ် အတွင်းမှ အလေးချိန် လေးပေါင်နီးပါးရှိ ဆံပင် အလုံးအထွေး တစ်ခုအား အောင်မြင်စွာ ဖယ်ထုတ်
အိန္ဒိယနိုင်ငံ
မက်ဒယာပရာဒက်ရှ် ပြည်နယ် အင်ဒိုမြို့ရှိ မဟာရာဂျာရက်ရှ် ဝမ်ထရာ ဆေးရုံမှ
အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာ ခွဲစိတ် ဆရာဝန်များသည် ကျောင်းသူလေး
တစ်ဦး၏ ဝမ်းဗိုက် အတွင်းမှ အလေးချိန် လေးပေါင်နီး ပါးရှိ ဆံပင်များကို
အောင်မြင်စွာ ခွဲစိတ်ထုတ်ယူ ပေးနိုင်ခဲ့သည်ဟု အင်တာနက် သတင်း တစ်ပုဒ်တွင်
ဖော်ပြထားသည်။ အဆိုပါ ကျောင်းသူ လေးသည် အသက်အရွယ် အားဖြင့် ၁၉ နှစ်ရှိပြီ
ဖြစ်ပြီး သူမသည် အတန်းချိန် အတွင်း၌ မြေဖြူနှင့် ဆံပင်များကို ရော၍ မျိုချ
တတ်သည့် အလေ့အကျင့် ရှိသူဖြစ်သည်။
ယင်းအလေ့
အကျင့်ကြောင့် သူမ၏ အစာအိမ် အတွင်း၌ ဆံပင်အလုံး အထွေးမှာ တဖြည်းဖြည်း
ကြီးထွားလာပြီး လူကို ထိခိုက်မှု ပေးလာခြင်းကြောင့် ဆေးရုံသို့ လာရောက်
ခွဲစိတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သူမကို ခွဲစိတ်ခဲ့ရာတွင် အစာအိမ်
အတွင်းမှ ဖယ်ထုတ် လိုက်ရသည့် ဆံပင် အလုံးအထွေး ကြီး၏ အလေးချိန်သည် လေးပေါင်
နီးပါးခန့် ရှိသည်ဟု ခွဲစိတ် ဆရာဝန် တစ်ဦး ဖြစ်သူ အေမန်အဂါဝေါလ် က
ပြောကြားသည်။ ယခု အချိန်တွင် အဆိုပါ ကျောင်းသူလေး၏ အခြေအနေသည် တဖြည်းဖြည်း
ကောင်း မွန် လာပြီ ဖြစ်ကြောင်း၊ သို့ရာတွင် ရက်အနည်းငယ် အထိအစာနှင့်ရေကို
စားသောက်၍ မ ရနိုင် သေးေ ကြာင်း သိရသည်။
ထူးထူးဆန်းဆန်းကျောက်တောင်ကြီးတွင်းကဟိုတယ်
Cappadocia ဒေသဟာ တူရကီနိုင်ငံရဲ့ အလည်မှာတည်ရှိပြီး လေရေ တိုက်စားမှုကြောင့် ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ မျက်စိတစ်ဆုံး ကြည့်၍ မဆုံးနိုင်အောင် များပြား လှတဲ့ ကျောက်ဆောင် ကျောက်သားများ၊ ကျောက် တိုင်ကြီးများကို တွေ့ရှိနိုင်တဲ့ ထူးဆန်းသော ဒေသဖြစ်ပါတယ်။
အချို့သော ကျောက်ဆောင်များဟာ သဘာဝရေကန်များ၊ စမ်းချောင်းများထဲမှာပါ ဖြစ်ပေါ် တည်ရှိနေကြပါတယ်။ Cappadocia ဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကျော်လောက် ကတည်းက လူတွေ အခြေချ နေထိုင်ခဲ့ကြပြီလို့ ဆိုပါတယ်။ အဲဒီဒေသမှာ နေထိုင်ကြတဲ့ ဒေသခံများဟာ
ခပ်ပျော့ပျော့ ဖြစ်နေတဲ့ ကျောက်သား ကျောက်ဆောင်များကို ထွင်းထုပြီးမှ နေအိမ်များ၊ ဘုရားရှိခိုးကျောင်းများ၊ ဘာသာရေး အဆောက်အဦးများ၊ ဟိုတယ်များ အဖြစ် ဆောက်လုပ်နေထိုင် အသုံးပြုကြပါတယ်။ ၄င်းဒေသမှာ အင်မတန်မှ သာယာတဲ့ ရှုခင်းများက ဝိုင်းရံလို့ နေပါတယ်။
Cappadocia ဒေသမှာ ရှိတဲ့ ဟိုတယ်တွေထဲမှာ ကျောက်တောင်ကိုထွင်းဖောက်လို့ တည်ဆောက်ထားတဲ့ Elkep Evi ဟိုတယ်ဟာ အကောင်းဆုံး ဟိုတယ်တစ်ခုအဖြစ် ပါဝင်ပါတယ်။ ၄င်းဟိုတယ်မှာ ခန်းနားလှပတဲ့ အခန်းအပြင် အဆင်များရှိပါတယ်။ Elkep Evi လှိုဏ်ဂူဟိုတယ်ရဲ့ ကျောက်တောင်နံရံကို ထွင်းထားတဲ့ အခန်းများဟာ ပျားရည်ဆမ်းခရီး ထွက်ကြတဲ့ မင်္ဂလာမောင်မယ်များ၊ အပန်းဖြေအနားယူကြတဲ့ မိသားစုများ၊ သဘာဝရှုခင်း လေ့လာလိုသူများ၊ ကျန်းမာရေးအတွက် လေကောင်းလေသန့် ရှုရှိုက်လိုသူများ အတွက် အလွန်အဆင်ပြေတဲ့ နေရာဖြစ်ပါတယ်။
Elkep Evi ကျောက်ဂူဟိုတယ်မှာ ကျောက်ထွင်းဂူ အိမ်များသဖွယ် ပြင်ဆင်ထားတဲ့ အခန်းနဲ့အတူ အဆင့်အတန်းမီ အိပ်ရာအသုံးအဆောင် ပစ္စည်းများကို ထားရှိပါတယ်။ အိပ်ခန်းများသာမက၊ ဧည့်ခန်း၊ စားသောက်ခန်း စသည်တို့ဟာလည်း ကျောက်တောင်ကြီးအတွင်းမှာ တည်ရှိပါတယ်။ တူရကီလူမျိုးတွေရဲ့ ရိုးရာ အစားအစာများဖြစ်တဲ့ အိမ်တွင်းဖြစ် တူရကီပဲန်ကိတ်၊ သံလွင်သီး၊ ချိစ်၊ လတ်ဆတ်သောပေါင်မုန့် ယိုမျိုစုံနဲ့ လတ်လတ် ဆတ်ဆတ် ညှစ်ထားတဲ့ လိမ္မော်ရည်၊ လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီတို့ကို နံနက်ခင်းစာအဖြစ် ဟိုတယ်ရဲ့ အမြင့်ဆုံးကုန်းထိပ်မှာ တည်ရှိတဲ့ ဥယျာဉ်ထဲမှာ
စားသောက်နိုင်မှာ ဖြစ်ပါတယ်။ Cappadocia ကို ရောက်သူတိုင်း သဘာဝရဲ့ အလှအပများကို လှည့်လှည်ကြည့်ရှုရင်း တူရကီအစားအစာများကို စားသောက်ရတာဟာ အင်မတန်မှ နှစ်သစ်ဖို့ ကောင်းပြီး မမေ့နိုင်အောင် ဖြစ်ရပါတယ်လို့ ဆိုကြပါတယ်။
မြန်မာနိုင်ငံနှင့်မြေငလျှင်အပိုင်း(2)
ပုဂံငလျင် (၁၉၇၅)နှင့် တောင်တွင်းကြီးငလျင် (၂၀၀၃)
ပုဂံငလျင်နှင့် ပါတ်သက်ပြီး ဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား)က ၁၉၇၆ ထုတ်ဝေသော သမိုင်းဝင် ငလျင်ကြီး များနှင့် ပုဂံငလျင် စာတမ်း၌ ပြည့်စုံစွာ ဖေါ်ပြထားသည်။ ပမာဏ (၆.၅) ဖြစ်သည်။ ရှေးဟောင်း အဆောက်အဦ အများဆုံးရှိသော ပုဂံဒေသ၌ အပျက်များသည်။ သို့သော် ငလျင်ဗဟိုချက်သည် တန့်ကြည် တောင် မြောက်ဖက်ယွန်းယွန်း၌ ဖြစ်သည်။ ထို့ကြောင့် ငလျင်ဖြစ်ရာ အရပ်သည်လည်း ဧရာဝတီမြစ် အနောက်ခြမ်း၌သာ ဖြစ်သည်။ ပြည်မြို့ငလျင်နှင့် ပုဂံငလျင် ၂ ခုစလုံးသည် မြန်မာနိုင်ငံ အနောက် ဖက်ခြမ်း တက်တိုးနစ် ဖြစ်ရပ်များနှင့် တိုက်ရိုက်ဆက်စပ်သည်။
တောင်တွင်းကြီး ငလျင်သည် မြေလတ်ဒေသ၌ ဖြစ်သော ငလျင်တစ်ခု ဖြစ်သော်လည်း အထက်က ပြခဲ့သော ငလျင်များ ကဲ့သို့ အနောက်ဖက် ဖြစ်ရပ်များနှင့် မဆက်စပ်ဘဲ စစ်ကိုင်း ပြတ်ရွေ့၏ လွှမ်းမိုးမှုက ပိုများသည်ကို တွေ့ရသည်။ တောင်တွင်းကြီးငလျင် အကြောင်းကို ဤဘလော့ဂ် တစ်နေရာ၌ ဖေါ်ပြခဲ့ပြီးပြီ။
မြန်မာပြည် အလယ်ပိုင်းကငလျင်များ
မြောက်ဖက် ဝန်းသို၊ ကသာ၊ အင်းတော်ကြီးမှသည် တောင်ဖက် ပဲခူးရိုးမအရှေ့ခြမ်း ပဲခူး၊ ရန်ကုန် အရပ်များ အထိ စစ်ကိုင်းပြတ်ရွေ့ ငလျင်ဇုန်၌ ကျရောက်သည်။ အတိတ်ငလျင် ဖြစ်ရပ်များကို ရှေးကျသော စေတီတော် များ၏ ပြုပြင်မှုသမိုင်း၊ မြန်မာ့သမိုင်းများ၌ တွေ့ရသည်။ တကောင်းခေတ်က ငလျင်များကို မသိရသော်လည်း လက်ရှိ တကောင်းမြို့ဟောင်းနေရာ ဝန်းကျင်၌ အင်အားပြင်းငလျင်ကြီးများ မကြာခဏ လှုပ်သည်။ ၁၉၉၁က ပမာဏ ၇.၁ ရှိသော ငလျင်ကြီး ၂ ခု တစ်ရက်ခြား လှုပ်ခဲ့သဖြင့် တကောင်းနှင့် ထီးချိုင့်ဒေသ၌ ထိခိုက် ပျက်စီးမှုရှိသည်။ သရေခေတ္တ၌ သာသနာနှစ် ၁၀၁ (၄၄၃ ဘီစီ) နှင့် ၆၀၉ (၆၅ အေဒီ) တို့၌ ငလျင်ကြီးများ လှုပ်ကြောင်း သိရသည်။ ၁၈၅၈ ပြည်မြို့ ငလျင်နှင့် ၆၅ခု သရေခေတ္တရာ ငလျင်တို့အကြား နှစ်ပေါင်း ၁၈၀၀ နီးပါးအတွင်း ဤအရပ်ဝန်းကျင်၌ ငလျင်များ ဖြစ်ခဲ့ဦးမည်ဟု ဆုံးဖြတ်ထားသည်။ အတိတ်ငလျင် သုတေသန များအတွက် စဉ်းစားရန် ဖြစ်သည်။
ပုဂံပြည်၌လည်း အလားတူပင် ငလျင်များ လှုပ်သည်။ ၁၉၇၅ ရှေ့ပိုင်း၌ ၃၂၄၊ ၉၈၆၊ ၁၂၈၇၊ ၁၂၈၉၊ ၁၈၁၆၊ ၁၈၅၆ တို့၌ ငလျင်လှုပ်သဖြင့် ဘုရားစေတီများပြိုကာ ပြုပြင်ရကြောင်း ဆိုသည်။ ပုဂံပြီးနောက် အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ အမရပူရ ငလျင်များ ဖြစ်သည်။ ၁၈၃၉၌ ဖြစ်သော အင်းဝငလျင်ကြီးသည် မင်းကွန်း ပုထိုးတော်ကြီးပင် အက်ကွဲစေခဲ့သည်။ လွန်ခဲ့သော ၅၅ နှစ်ခန့် (၁၉၅၆)က ဖြစ်ခဲ့သော စစ်ကိုင်းငလျင်သည် စစ်ကိုင်း - မန္တလေးအရပ်၌ဖြစ်ခဲ့သော နောက်ဆုံးငလျင် ဖြစ်သည်။ တောင်ဖက်သို့ သွားလျှင် ပဲခူးမြို့မှ ရွှေမောဓော စေတီတော်၊ သန်လျင်မှ ကျိုက်ခေါက်စေတီတော်နှင့် ရွှေတိဂုံ စေတီတော် တို့ ပြုပြင်မှု မှတ်တမ်းများသည် ရှည်လျားသော ငလျင်သမိုင်းကို ပြကြသည်။ နှစ်ပေါင်း ၂၀၀၀ ကျော်အတွင်း အင်အားပြင်း ငလျင်ကြီး ၃၀ ကျော် လှုပ်ခဲ့ကြောင်း သိရသည်။ ၁၉၃၀က လှုပ်ခဲ့သော ပဲခူးငလျင်သည် ရန်ကုန် - ပဲခူးဒေသ၌ နောက်ဆုံး ဖြစ်ခဲ့သည်။ နှစ်ပေါင်း ၈၀ ကျော်ခဲ့ပြီ။ အလားတူ ငလျင်မျိုးဖြစ်ရန် အချိန်ကာလအားဖြင့် လုံလောက်ပြီ။
မြစ်ဝကျွန်းပေါ်ဒေသငလျင်များ
မြစ်ဝကျွန်းပေါ်ဒေသများ ငလျင်ဒဏ်ခ့ရကြောင်း မှတ်တမ်းများ၌ တွေ့ရခဲသည်။ အကြောင်းတစ်ရပ်မှာ ရှေးက မြို့တော်များသည် မြန်မာပြည် အလယ်ပိုင်းများ၌သာ ထူထောင် ထွန်းကားခဲ့သောကြောင့် ဖြစ်မည်။ ၁၉၇၀ ဝန်းကျင်က ဒေးဒရဲငလျင်လှုပ်ဘူးသည်။ ဒေးဒရဲ၊ ဖျာပုံမြို့များ ထိခိုက်ခံရသည်။ ရွှေတိဂုံစေတီတော် ထီးတော်ပင် စောင်းသွားဖူးသည်။ ၂၀၀၄ ဆူမတြား ငလျင်ကြီးလှုပ်ပြီး နောက်ဆက်တွဲ ငလျင်များ လှုပ်ရာ မြန်မာနယ်နိမိတ် အစပ်ထိ ရောက်လာသည်။ အန်ဒမန် ကျွန်းတန်းမှ အင်အား ၇.၃ ရှိသော ငလျင်များ လှုပ်သောအခါ မြစ်ဝကျွန်းပေါ်ဒေသ မြို့များကို ထိခိုက်သည်။ လပွတ္တာမြို့၌ အဆောက်အဦ အချို့ ငလျင်အရှိန်ကြောင့် ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။ သို့သော် ထိုစဉ်က ဆူနာမီလှိုင်း ထိခိုက်မှုကို အာရုံစိုက် နေကြသဖြင့် ငလျင်ထိခိုက်မှုကို ချန်ထားခဲ့ကြသည်။
ငလျင်အန္တရာယ်နှင့် ငလျင်ဇုန်များပြ မြေပုံ
ဘယ်နေရာမှာ ငလျင်လှုပ်သည် အင်အား ပမာဏ မည်မျှဖြစ်သည်ဟု ပြောဆို ထုတ်ပြန်ခြင်းသည် ငလျင် ဖြစ်ရပ် event ကို ပြောခြင်း ဖြစ်သည်။ ငလျင်လှုပ်သည်။ ထိုထက်မပို။ ငလျင်လှုပ်သဖြင့် ငလျင်အရှိန် ခံစားကြရသည်။ ထိုအရှိန် ပြင်းထန်လျှင် ပြင်းထန်သလောက် ထိခိုက် ပျက်စီးစေနိုင်သည်။ ထိုသို့ ဆိုလျှင် ငလျင်အန္တရာယ် seismic hazard or earthquake hazard အကြောင်း ဆိုရာ ရောက်သည်။ ငလျင် လှုပ်သောအခါ မြေပြင်သည် လှိုင်းထ၍ ရွေ့သည် (displacement)။ အချိန်နှင့် အမျှရွေ့သည်ကို အလျင် velocity ဟု သည်။ ထိုအလျင် အချိန်လိုက်၍ ပြောင်းလဲသည့်အခါ အရှိန် acceleration ဖြစ်သည်။
ရူပဗေဒ သဘောအရ ထိုအရှိန်ကိုလိုက်၍ အား Force ဖြစ်သည်။ ထိုအား အကြီးအသေး အပေါ်လိုက်၍ မခံနိုင်လျှင် ပျက်သည်။ ထိုကဲ့သို့ အဆင့်ဆင့် ဖြစ်ရာ အရွေ့၊ အလျင်၊ အရှိန်တို့သည် ငလျင်နှင့် တွဲ၍ ဖြစ်သော အရာများ ဖြစ်သောကြောင့် အန္တရာယ်ဟု ဆိုလျှင် ထို ၃ ချက်ကို သိရသည်။
အခြား အတွဲအဖက်များရှိသေးသည်။ ထိုအထဲမှ လှုပ်နေချိန် duration သည် ပို၍ အရေးပါသည်။ ငလျင်ကို အကြောင်းပြု၍ ဖြစ်သော မြေပြင်၏ အရွေ့၊ အလျင်၊ အရှိန်တို့သည် ဗဟိုချက်မှ ဝေးသွား သည်နှင့်အမျှ အားလျော့သွားသည်။ ငလျင်တစ်ခုနှင့် တစ်ခု အင်အား အကြီးအသေးမတူ၊ ငလျင် ဖြစ်ရာ အနက်မတူ၊ ဇစ်မြစ်မတူ၊ စသော မတူညီချက်များကြောင့် အရှိန် တက်ခြင်း၊ သက်ခြင်းလည်း မတူကြပေ။ ထိုအရှိန် တက်ခြင်း သက်ခြင်းမတူညီချက်များကို တိုင်းတာထားသော အချက်များအပေါ် လေ့လာ၍ ဥပဒေသများ၊ ညီမျှချက်များ တင်ပြထားကြသည်။ Attenuation relationship ဟု ခေါ်သည်။ မြန်မာပြည် အတွက်မူ တိုင်းစက်၊ မှတ်တမ်းများ မရှိခဲ့သေးသလို လေ့လာတင်ပြမှုများလည်း မရှိသေးပေ။ ထို့ကြောင့် ဆင်တူရိုးမှားရှိသော ငလျင်ရပ်ဝန်းများအား လေ့လာချက်များကို မှီ၍ ခန့်မှန်းချက် လုပ်ထားရသည်။
ငလျင်ဖြစ်ရာ ပြတ်ရွေ့၊ ငလျင်ပမာဏ စသည်တို့ကို ထည့်သွင်းတွက်ချက်သည့်အခါ ငလျင်အရှိန်ကို ရသည်။ ထိုတန်ဖိုးများကို နီးစပ်ရာဆက်စပ်ပြီး မြေပုံတစ်ခု ရေးဆွဲနိုင်သည်။ ပုံ (၁) သည် ထိုကဲ့သို့ အခြေခံ ရေးဆွဲထားသော ပုံဖြစ်သည်။ ဖြစ်ပြီးသော ငလျင်များကိုအခြေခံ၍ ဆိုင်ရာ ငလျင်ဖြစ်နိုင်သည့် ပြတ်ရွေ့များက ဖြစ်နိုင်သော ငလျင်ကြီးများ၏ သက်ရောက်ပုံကို ထည့်သွင်းစဉ်းစားထားသည့် deterministic seismic hazard map မျိုး၌ အကျုံးဝင်သည်။ နောင် အနှစ် ၅၀၀၊ ၁၀၀၀ လျှင် အနားဝန်းကျင် ရှိရှိသမျှသော လှုပ်တတ်သည့် ပြတ်ရွေ့များထဲမှ အင်အားပြင်း ငလျင်တစ်ခု ဖြစ်နိုင်ချေနှင့် လက်ခံ နိုင်သည့် အရှိန်ထက် ပို၍ ဖြစ်လာနိုင်သော အရှိန်တစ်ခုကို တွက်ချက်ပြသည့် အလားအလာပြ ငလျင်ဇုန် မြေပုံမျိုး probabilistic seismic hazard assessment (psha) map မဟုတ်ပါ။

Subscribe to:
Posts (Atom)
