Saturday, October 13, 2012

မြန်မာမလေးများသို့ .အင်္ကျီပါး အရေးတော်ပုံ

------------------------------------------------------------------------------------------------------------------------------


 ရှေးမြန်မာ ဘုရင်များလက်ထက်မှ ၁၂၅၃-ခုနှစ်လောက်ကျအောင် မြန်မာအမျိုးသမီး မှန်သမျှတို့သည် ထူထဲ ခိုင်ခံ့သော အ၀တ်အထည်များကို စနစ်ကျစွာ အင်္ကျီချုပ်လုပ် ၀တ်ဆင်ကြ ကုန်၏ ။ 

ထို့နောက်တွင်မှ ခေတ်ဆန်သည်ဆိုသော မြန်မာအမျိုးသမီးများမှ အင်္ကျီပါးများ ၀တ်ဆင်၍ ခေတ်စားစ ပြုလာခဲ့သည်။ ၁၉၇၁-ခုနှစ်အတွင်း ထုတ်ဝေသော သူရိယမဂ္ဂဇင်းတွင် အင်္ကျီပါးနှင့် ပတ်သက်သော ကာတွန်းများကို ဦးဘကလေးသည် ထိုအခါက မြန်မာအမျိုးသမီးများ အင်္ကျီပါးဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ကြရန် ကာတွန်းဆရာများ နှင့် သတင်းစာ ဆရာများက ဆုံးမခဲ့ကြလေသည်။ ၀ံသာနုခေတ် ကောင်းစားစဉ်ကာလတွင်မူကား မြန်မာအမျိုးသမီး အချို့သည် အင်္ကျီပါးကို သပိတ်မှောက်၍ မြန်မာဖြစ် ပင်နီ အင်္ကျီ နှင့် ယောထမီများကို ၀တ်ဆင်ကြလေသည်။ အင်္ကျီပါး နှင့် ပတ်သက်၍လည်း တပေါင်များလည်း ပေါ်လာခဲ့သည်။

 " အင်္ကျီ- အင်္ကျီပါးရယ်နှင့် မျက်ထား-မျက်ထားချို ၊ ပြုံးသလိုလို ကျွန်မလက်ကိုဆွဲ ၊ စုတ်ပြဲလေလေကုန်ပေါ့ .. ကျွန်မ ဘင်္ဂါလီ" ဟူ၍ လည်းကောင်း ၊ " အင်္ကျီ- အင်္ကျီပါးရယ် နှင့် မျက်ထား-မျက်ထားချို ၊ ကုလားလိုလို ၊ ဗမာလိုလို ၊ ကျွန်မလက်ကိုဆွဲ ၊ စုတ်ပြဲလေကုန်ပေါ့၊ ကျွန်မ ဇာဘော်လီ " ဟူ၍ပင် တပေါင်များ ပေါ်လာခဲ့ပါသည် ။ 

၁၃၀၀ ပြည့် အရေးတော်ပုံကာလတွင်မူ ရဟန်းပျိုများက သံချိပ်၊ ကတ်ကြေး၊ ကြိမ်လုံးများကို စစ်ကူခေါ်ပြီး အင်္ကျီပါးကို တိုက်ဖျက်ခဲ့ကြသည်။ မန္တလေး အမရပူရ နှင့် စစ်ကိုင်းမြို့များ၌ အင်္ကျီပါးများကို မီးရှို့ခဲ့ကြသည်။ မန္တလေး ၊ မဟာမုနိဘုရားရှေ့တော်၌လည်း အင်္ကျီပါးများကို ပုံ၍ပင် လှူခဲ့ကြသည်။ ၁၉၄၁-ခုနှစ်တွင် အင်္ကျီပါးစစ်ပွဲဟု ဆိုရမလောက်ပင် ဂျာနယ်ကျော်တွင်ပြုလုပ်၍ အင်္ကျီပါးဘက် မှ မြင်းခြံစိုးမြင့် .... အင်္ကျီပါး မ၀တ်ထိုက်သည့်ဘက်မှ မေမြို့ မခင်သန်းရီ တို့ နှစ်ဦး နှစ်ဖက် ချေပစာများ ထောက်ခံစာများတို့ဖြင့် ဂျာနယ်ကျော်တွင် ၄-၅ ပတ် အင်္ကျီပါး စစ်ပွဲ ဖြစ်ခဲ့ကြသည်။

 ၁၉၄၁-ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့ထုတ် ဟံသာဝတီဂျာနယ်၊ ကာတွန်း ရုပ်ရှင်အခန်း ကဏ္ဍတွင်လည်း ခေတ်ကာလ အင်္ကျီပါး များ ပါးလွှာကျပ်တည်း ထင်ပေါ်လွန်းသည်ဟု အယူရှိကာ အမျိုးမျိုး ဆူပူ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။ ကာတွန်းဆရာ ဦးဘဂျမ်းက... " အထက်မှ မတိုရလျှင် အောက်ဘက်မှလှည့်၍ တိုရန် ကြံစည်ပါက မည်သို့ အရေးယူကြမည်နည်း" ဟူသော စကားများဖြင့် ပင် ကာတွန်းများ ရေးဆွဲပြခဲ့ပါသည်..... ဤကား လွန်ခဲ့သော အတိတ်ကာလစီက အင်္ကျီပါး အရေးတော်ပုံတည်း ။ ယနေ့ ၂၀၁၁ -ခုနှစ် ..... " အထက်မှ မတိုရလျှင် အောက်ဘက်မှလှည့်၍ တိုရန် ကြံစည်ပါက မည်သို့ အရေးယူကြမည်နည်း" ဟူသော ကာတွန်းဆရာ ဦးဘဂျမ်း အား ယနေ့ ခေတ်ကာလကို တွေ့မြင်လိုက်စမ်းချင်ပါသည်။

 "အထက်လည်းတို .... အောက်လည်းတို ..... သူမ ပျို -ပျို-ပျို ...အို-အို-အို " ဟုပင် ဆိုလိုက်ချင်သည်။ 

အများစု ..... ဂျာနယ်တွေ ... မဂ္ဂဇင်းတွေ... ကြော်ငြာဆိုင်းဘုတ်တွေမှာ .... ရေပေါ်ဆီ အလွှာစု ပါးလွှာ -တို -ပြတ်- ဟိုက်- အကုန်စုဝတ်လို့ နေပေပြီ.... ကော့ ... ကော် ... ကန်...ကား .... စတိုင်များနှင့် ... အလန်းဇယား များပြားနေပြီ.... ခေတ်ကာလကို နောက်ပြန်ဆွဲဘို့ မဆိုလိုချင်ပါ ...... ခေတ်ကာလ ရေစီးကြောင်း အတိုင်း ..... ခေတ်မီရပါမည် ....... ခေတ်သိပ်မဆန်ဘို့ လိုပါသည်။

 ရဲရင့်ရပါမည် ........ မရဲတင်းဘို့တော့ လိုပါမည် ။ လှပအောင် ၀တ်စားပြင်ဆင်ရပါမည် ..... ယဉ်ကျေးမှုနှင့် မဆန့်ကျင်ဘို့တော့ လိုပေလိမ့်မည်။ ကျွန်တော်တို့ မြန်မာမိန်းကလေးများ သတိထား- သိထားဘို့တော့ ကောင်း၏။ 




1 comment:

Unknown said...

ဒီလိုတွေပြနေကြတော့ ကုလားလက်စာအချောင်မိကုန်တာပေါ့